ကျွန်တော်များ “Amata Holding Public Company Limited” အနေနဲ့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုဖြစ်စဉ်များနှင့် ဇူလိုင်လနှင့် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော COVID-19 (ကိုဗစ်-၁၉) တတိယလှိုင်း၏ ကူးစက်နှုန်း မြင့်မား လာမှုများကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုရှိသည့် အခက်အခဲများနှင့် နစ်နာမှုများအား ဆက်လက်ပြီး ရင်ဆိုင်ခဲ့ရပါသည်။
သို့ပါသော်လည်း မိမိတို့အနေဖြင့် COVID အလွန် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းပြန်လည်ရှင်သန် လာမည့်အချိန်ကာလ ရောက်သည့် တိုင်အောင် Operation Expense နှင့် အခြား စရိတ်စက လျှော့ချခြင်းနှင့် လိုအပ်သော ကြိုတင် ပြင်ဆင်မှုများ၊ အရောင်းမြှင့်တင်ရေး အစီအမံ များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျှက်ရှိပြီး၊ မိမိတို့၏ဟိုတယ်များအား ဆက်လက်ဖွင့်လှစ် ဝန်ဆောင်မှုပေးလျှက် ရှိပါသည်။
ထို့ပြင် မူလရည်မှန်းချက်အတိုင်း အများပိုင်ကုမ္ပဏီအဖြစ်မှ ၂၈ - ၁၂ -၂ဝ၂ဝ နေ့တွင် ရန်ကုန်စတော့ အိတ်ချိန်း (YSX)၏ သတ္တမမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် (Listing Approval) အား အောင်မြင်စွာ ရရှိခဲ့ပြီး ကုမ္ပဏီမှ ဝ၃ - ဝ၆ -၂ဝ၂၁ နေ့အား (Listing Date) အဖြစ် သတ်မှတ်ကြေငြာခဲ့ကာ အစုရှယ်ယာရှင်များအနေဖြင့် မိမိတို့၏ အစုရှယ်ယာများကို Securities ကုမ္ပဏီများမှတဆင့် လွတ်လပ်စွာဝယ်ယူ ရောင်းချနိုင်ကြပြီ ဖြစ်ပါသည်။
ကျွန်တော်များ ဟိုတယ်လုပ်ငန်းအနေဖြင့် ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုအပေါ်တွင် မူတည် နေသည့် အားလျော်စွာ COVID-19 ရောဂါဖြစ်ပွားမှု နှင့် ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းပေါ်မူတည်၍ မူလ Pre COVID အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ရာ၊ ယခုအခါ စက်တင်ဘာလနှောင်းပိုင်းမှစ၍ ပြည်တွင်း COVID ရောဂါကူးစက်ဖြစ်ပွားမှု ကျဆင်းလာမှုနှင့်အတူ အောက်တိုဘာလ သီတင်းကျွတ်ရာသီမှ စတင်၍ ပြည်တွင်း ခရီးသွားများပိုမိုများပြားလာခဲ့ပြီး ပြည်ပနိုင်ငံ များတွင်လည်း ကာကွယ်ဆေးထိုးနှံပြီး ဧည့်သည်များအား လာရောက်လည်ပတ်ခွင့်များ စတင်နေပြီဖြစ်၍ များမကြာမှီကာလ အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု စတင်နိုင်တော့မည်ဟုခန့်မှန်းထားပါသည်။ သို့ဖြစ်ပါ၍ ရှေ့လာမည့် ခရီးသွားနှစ်အတွင်း လုပ်ငန်းများပုံမှန် လည်ပတ်ရန် အခွင့်အလမ်းများ မြင်တွေ့ နေရပြီဖြစ်ပါသည်။
ကျွန်တော်များအနေဖြင့် ၂ဝ၂ဝ ခုနှစ်၊ မတ်လမှ စတင်၍ ယခုတိုင်အောင် ကမ္ဘာ့ကပ်ရောဂါ နှင့် နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲ၊ ဘဏ်များ၏ လက်ရှိ အကြပ်အတည်းများနှင့် ကြုံတွေ့နေရသော်လည်း မိမိတို့ ဒါရိုက်တာအဖွဲ့ ဝင်များ၊ အုပ်ချုပ်မှုဆိုင်ရာဝန်ထမ်းများ၊ Operation ဝန်ထမ်းများ၏ စုပေါင်းကြိုးစားမှု တို့ကြောင့် အခက်အခဲ များအား တဆင့်ပြီး တဆင့်ကျော်ဖြတ်နိုင်ခဲ့ပြီး ဆက်လက်၍ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းအား ဆက်လက် ဦးဆောင်နိုင်မည့် ကုမ္ပဏီကြီး တစ်ခုအဖြစ် ရပ်တည်သွားနိုင်မည်ဟုယုံကြည်ပါတယ်...
ဝင်းအောင်
ဥက္ကဌ
အမတဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီလီမိတက်